Thursday, December 3, 2009

အရှုံးရဲ့အမြတ်

လမ်းခွဲကြရတော့မယ်တဲ့
ဒီနေ့လား နက်ဖြန်လား မသိ
ဆုံတွေ့ခဲ့တဲ့ တစ်ဘ၀တာအတွင်းမှာ
(ဒီခန္ဓာအပေါ်မှာ) ဘာများ လိုအပ်ခဲ့လို့လဲ
အရာရာ စိတ်တိုင်းကျ ဖြစ်စေခဲ့တာပါ…။

ငါ… ဘာလို့များ တုံးအခဲ့ပါလိမ့်
ဒီခန္ဓာကြီးကို ယုယကြင်နာခဲ့သမျှဟာ
နာကျင်ကြေကွဲရဖို့ချည်းပါလား
ပိုင်ဆိုင်တယ် ထင်ထားမိပေမယ့်
အစကတည်းကိုက မရခဲ့တာပဲကွယ်…။

ပိုင်ရှင်ရှိနေမှန်းလည်းမသိ
ပြန်အပ်ရမှာကိုလည်း မမြင်မိတဲ့
အမှတ်မရှိ အလိုက်မသိတတ်တဲ့ ငါက
ဆင်းရဲသစ်တွေကိုပဲ အခါခါ သာယာမိ
ဘယ်အချိန်မှများ ရေငတ်ပြေပါ့မလဲ…။

အရှုံး အမြတ်ကို သုံးသပ်ကြည့်တာ
အရင်းတောင် မရခဲ့ဖူးပေမယ့်
ဒီအရှုံးတွေမှာပဲ ပျော်ဝင်နေမိတော့
ရုန်းမရတဲ့ ကြိုးတွေကပဲ ရစ်ပတ်
မေ့လျော့ခြင်းကနှိပ်စက်လို့ ဖြတ်ဖို့ခက်ပြီလေ…။

သစ္စာဆိုတာ အမှန်အတိုင်းမြင်ခြင်းတဲ့…။

ဝိုးတ၀ါးမဟုတ်တဲ့ အသိတွေကြားမှာ
ငါ… ရှုံးချက်တွေလည်း မနာချင်တော့ပါဘူး
ဒုက္ခကိုလည်း မတွယ်တာချင်တော့ပါဘူး
အဆုံးမရှိတဲ့ ဘ၀ပင်လယ်က ရုန်းထွက်လို့
အေးချမ်းတဲ့ သံသရာဖျက်လမ်းကိုပဲ ဆက်လှမ်းပါရစေတော့…။

No comments: